Sunday 11 September 2011

ဟိုဟိုဒီဒီများ - ၅ ( Contagion ၊ ကဗျာဘဝရှာတော်ပုံ )

Contagion ရှပ်ရှင်ကားကို ကြည့်ဖြစ်ပါတယ် ။ ဇာတ်ဝင်ခန်းထဲမှာ blogging is not writing  ဆိုပြီး ကြားမိလိုက်သလိုပါပဲ ၊ ကျနော်တလွဲကြားမိ တာလဲဖြစ်နိုင်ပါတယ် ။ :)

အသက်အန္တရယ်ဖြစ်စေလောက်တဲ့ ရောဂါပိုးမွားကို တိုက်ခိုက်နိုင်မယ့်ဆေးကို ရှာဖွေတဲ့ဆေးပညာရှင်တွေရဲ့ အလုပ်ပေါ်စိတ်ဝင်စားမူ ၊ ဝါသနာ ၊ အန္တရယ် စတာတွေကို စဉ်းစားမိပါတယ် ။ ရိုက်ချက်တွေကို ကျနော်တော့ကြိုက်တယ် ။ အသည်းယားစရာ တခန်း ပါတယ် ။ သေနေတဲ့ သူ မျက်နှာကို အနီးကပ်ရိုက်ပြပြီး ဦးခေါင်းခွံကို ဖွင့်ချလိုက်ပြီး ဖွင့်ထားတဲ့ အပိုင်းကို မျက်နှာပေါ်ပြန်ခေါက်တင်လိုက်တာကို ရိုက်ပြပါတယ် ။ ဘေးနောက်ဝဲယာက ပရိသတ်ဆီက အသံတွေထွက်လာပါတယ် ။ 
ရုပ်ရှင်က တကားလုံး ပျင်းမနေရဘဲ ကြည့်လို့ကောင်းပါတယ် ။




Sunday 4 September 2011

ဟိုဟိုဒီဒီများ- ၄ ( ကဗျာဆရာကြီး မောင်ချောနွယ် ၊ အသည်းနှလုံး )




ပထမဆုံးမဟုတ်ပေမယ့် ကျနော်အစောဆုံးဝယ်ဖြစ်တဲ့ ကဗျာစာအုပ် သုံးလေးအုပ်ထဲမှာ မြန်မာကဗျာဆရာ မောင်ချောနွယ် ရဲ့ ရထား ကဗျာစာအုပ်ပါတယ် ။ ကဗျာဆရာ ပိုင်စိုးဝေ ၊ ကဗျာဆရာ မောင်ချောနွယ် တို့ရဲ့ကဗျာတွေကို ဖတ်ပြီးမြန်မာခေတ်ပေါ်ကဗျာများနဲ့ ရင်းနှီးလာပါတယ် ။ ကဗျာဆရာ မောင်ချောနွယ်ကို အပြင်မှာ မတွေ့ဖူးပါဘူး ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာလား ၊ ကဗျာအကြောင်းဦးစားပေးဖော်ပြတဲ့ တခြားမဂ္ဂဇင်းတခုမှာလားမသိဘူး ၊ သူ့ အင်တာဗျူးကို ဖတ်ရင်း သူ့ဓါတ်ပုံကိုတွေ့ဖူးပါတယ် ။ 

သူဆုံးပါးသွားတာ နည်းနည်းကြာသွားပေမယ့် အခုချိန်မှာ  ကျနော်တို့ကဗျာဖတ်သူအခြင်းခြင်းတွေ့တဲ့အခါ ၊ လက်ဖက်ရည်သောက်ရင်း ၊ အရက်  ဘီယာသောက်ရင်း သူ့ကဗျာ အပိုင်းအစလေးတွေကို တော်တော်များများ ကိုးကားပြောဆိုတတ်ကြပါတယ် ။  ကိုချောက ဘာပြောခဲ့သလဆိုပြီး သူ့ကဗျာ အပိုင်းအစလေးတွေကို ရွတ်ရွတ်ပြပြတတ်တဲ့သူငယ်ချင်းတယောက် ကို အခုစာလေးရေးနေရင်း သတိရမိပါတယ် ။ သူငယ်ချင်းကြည့်ရတာ မောင်ချောနွယ် ကဗျာတွေကို လွယ်လင့်တကူ မှတ်မိနေတယ် ။ ခက်ခက်ခဲခဲနဲ့ မှတ်ထားတာလည်းမဟုတ်ပါဘူး ။