Wednesday 23 October 2013

ပန်းရဲ့လမ်း - ၆၄လမ်း မင်းသီဟ လက်ဖက်ရည်ဆိုင်- မန္တလေး




မန္တလေးမြို့ ။ ၆၄ လမ်း မှာရှိတဲ့ မင်းသီဟ လက်ဖက်ရည်ဆိုင်ကို လက်ဖက်သောက်သွားရင်း ပန်းရဲ့လမ်း လူမူကွန်ယက် ဖျော်ဖြေမူ ပွဲရှိတယ် ဆိုတဲ့ ကြော်ငြာကိုတွေ့ခဲ့ရပါတယ် ။ အင်တာနက်ပေါ် ၊ ဖေ့ဘွတ်ပေါ်တွေမှာသာ မြင်တွေ့ဖူးတဲ့ ကိုရဲလွင် ဦးစီးတဲ့ ပန်းရဲ့လမ်း ဖျော်ဖြေမူကို အပြင်မှာတွေ့ဖူးချင်တာကြောင့် နောက်တနေ့ နေ့လည် ၃ နာရီ မထိုးခင် မင်းသီဟ ဆိုင်ကို အရောက်ပြန်သွားခဲ့ပါတယ် ။



၃ နာရီ မထိုးခင်မှာ ပန်းရဲ့လမ်း အဖွဲ့သားများရောက်လာပြီး ပွဲအတွက် ပြင်ဆင်စရာတွေကို ပြင်ဆင်ပါတယ် ။ မနက်ကတည်းက အလူုခံ အတွက် တီးဆိုနေတာဖြစ်လို့ တီးဝိုင်း အဖွဲ့သားအားလုံး ပင်ပန်းနေမယ်လို့ ထင်ပါတယ် ။



ကျနော်လည်း သူတို့ အလုပ်ရူပ်နေ ၊ အနားယူနေမယ်ထင်လို့ သူတို့ထိုင်နေတဲ့ဝိုင်းကို  သွားပြီး နူတ်မဆက်ခဲ့ပါဘူး ။ ခဏနေတော့ ကိုရဲလွင် နဲ့ နောက်တယောက် အပေါ့အပါးသွားဖို့ အနောက်ဘက်ဝင်ပါတယ် ။ ကျနော်လည်း ဓါတ်ပုံရိုက်ချင်လို့ လိုက်သွားပြီး ၊ ကိုရဲလွင်ကို ခွင့်တောင်းပြီး ဓါတ်ပုံတချို့ရိုက်ဖြစ်ပါတယ် ။





ဒီနောက်မှာတော့ ပွဲစပါတယ် ။ မင်းသီဟ လက်ဖက်ရည်ဆိုင်မှ အလူုတော်ငွေ တစ်သိန်းကျပ် လုဒါန်းပါတယ် ။ အလူုငွေဖြတ်ပိုင်းကို  ပန်းရဲ့လမ်းနဲ့ အတူလိုက်ပါလာတဲ့ မန္တလေးမြို့မှ စာရေးဆရာ ဦးညိုထွန်းလူ ( ကိုထွန်း- လမ်း ၈၀) နဲ့ အဖွဲ့မှ ဂုဏ်ပြုလွာပေးအပ်ပါတယ် ။

အဲသည့်တော့မှ မန္တလေး အခြေစိုက် ကဗျာဆရာများ ၊ စာရေးဆရာများ အတူပါလာမှန်းသတိထားမိပါတယ် ။ ဖေ့ဘွတ်ပေါ်တွင် မိတ်ဆွေ သူငယ်ချင်းဖြစ်နေပြီး အပြင်မှာမတွေ့ဖူးတဲ့ ကဗျာဆရာ ကို စံညိမ်းဦး ကိုတွေ့လို့ နူတ်ဆက်ပြီး ဓါတ်ပုံတပုံရိုက်ဖြစ်ပါတယ် ။


ကိုစံညိမ်းဦး

ကိုစံညိမ်းဦး မိတ်ဆက်ပေးမူနဲ့ စာရေးဆရာ ဦး ညိုထွန်းလူ ၊ ကဗျာဆရာ ကိုထက်- ရေဦး ၊ ကိုငြိမ်းသစ် ၊ ကိုမိုးထက်နေ (ဒု-ဌက္ကဋ္ဌ - ဗကသများ အဖွဲ့ချူပ်) ၊ ကဗျာဆရာ ကိုအောင်ချမ်း တို့ နဲ့ တွေ့ခွင့်ရပါတယ် ။
ဦးညိုထွန်းလူ က မန္တလေး အလင်း ဂျာနယ်တစောင်လက်ဆောင်ပေးပါတယ် ။ ကိုအောင်ချမ်းက သူ့ရဲ့ ကဗျာစာအုပ်  ဘယ်တယောသံမှ ဘီသိုဘင် နားထဲမဝင်ဘူး ကိုလက်ဆောင်ပေးပါတယ် ။ ဆရာ ညိုထွန်းလူ က ဘာလို့ စာဆက်မရေးဖြစ်တာလဲ လို့မေးပါတယ် ။ ဆရာနဲ့ စကား အနည်းငယ်ပြောပါတယ် ။


ဆရာ ညိုထွန်းလူ ( ကိုထွန်း-လမ်း၈၀)





ကိုငြိမ်းသစ်





ကိုမိုးထက်နေ



ကိုအောင်ချမ်း


ကိုအောင်ချမ်း ကလည်း တခြားအသိမိတ်ဆွေများနဲ့စကားကောင်းနေလို့ ကျနော် ဓါတ်ပုံမရိုက်ဖြစ်ခဲ့ပါဘူး ။ ကို ထက်- ရေဦးက ကဗျာတပုဒ် ရွတ်ပါတယ် ။ ကျနော် ဗီဒီယို ရိုက်ခဲ့ပါတယ် ။ ပထမဆုံးအကြိမ် မြန်မာပြည်ကလက်ဖက်ရည်ဆိုင်ထဲမှာ ရွတ်တဲ့ ကဗျာရွတ်သံကိုကြားဖူးခြင်းဖြစ်ပါတယ် ။



ကိုထက်-ရေဦး





ကိုသားထွေး

ကိုသားထွေး က ဂစ်တာတီးနေတဲ့အတွက် သူပုံတပုံသာရိုက်နိုင်ခဲ့ပါတယ် ။ ညနေစောင်းလာပြီဖြစ်လို့ ကျနော်လည်း ချိန်းထားတာတခုရှိနေလို့ ပွဲမပြီးခင် ကို စံညိမ်းဦး ၊ ဆရာ ဦး ညိုထွန်းလူ တို့ကို နုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ် ။ အေးအေးချမ်းချမ်းနဲ့ အပြေးအလွားတွေသိပ်မရှိခဲ့တဲ့ အမှတ်ရနေမယ့် အောက်တိုဘာ နေ့လည်ခင်းတခုဖြစ်ခဲ့ပါတယ် ။ ( အခုတောင်ရေးနေရင်း လက်ဖက်ဆိုင်သွားချင်နေတယ် ။ ခက်ရော )



 

No comments:

Post a Comment